ပန်းနာရင်ကြပ် ရောဂါဆိုတာ
လှုံ့ဆော်တဲ့အရာ တစ်ခုခုကြောင့် အသက်ရှူလမ်းကြောင်း ယောင်ယမ်းပြီး ကျဥ်းမြောင်းသွားပါတယ်။ ဒီလို ကျဥ်းမြောင်းရာကနေ အသက်ရှူထုတ်လိုက်တဲ့အခါ လေချွန်သလို တရွှီရွှီနဲ့ မြည်ပါတော့တယ်။
သလိပ်တွေလဲ ထွက်တဲ့အတွက် ချောင်းဆိုးလာပြီး တရွှီရွှီ နဲ့ အသက်ရှူရခက် မောဟိုက်လာကာ ရောဂါတကယ် ဆိုးပြီဆိုရင် လှဲမအိပ်နိုင်ဘဲ ထိုင်လျက် ခုံပေါ်လက်တင်ကာ ဖားဖိုလိုမျိုး ပင်ပန်းဆင်းရဲကြီးစွာ အသက်ရှူနိုင်ဖို့ ကြိုးစားကြရတာပါ။ လိုအပ်ရင် အောက်စီဂျင် အကူရှူပေးရပြီး အရမ်း (အရမ်း) ပြင်းထန်ပါက အထူးကြပ်မတ်ဆောင်မှာ အသက်ရှူစက်နဲ့နေရတဲ့ ဘဝအထိ အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။
ပန်းနာရင်ကြပ်ဆိုတာ ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
1. မိဘ ဒါမှမဟုတ် မွေးချင်းထဲမှာ ပန်းနာရင်ကြပ် မျိုးရိုးရှိတဲ့သူတွေ၊
2. အဝလွန်နေတဲ့သူတွေ၊
3. ဆေးလိပ်သောက်တဲ့သူ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့သူနဲ့ တစ်အိမ်ထဲနေပြီး ဆေးလိပ်ငွေ့ရှူနေရသူတွေ၊
4. လယ်ယာစိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ရာ စက်ရုံတွေမှာသုံးတဲ့ ဓာတုပစ္စည်း၊ အမှုန်တွေ၊ ဖုန်တွေ၊ အငွေ့တွေ အပြင် တိရစ္ဆာန်အမွှေး၊ အညစ်အကြေးတွေ၊ ပန်း၊ ဝတ်မှုန်၊ စိုထိုင်းပြီး မှိုစွဲနေတဲ့ ပတ်ဝန်းကျင်နဲ့ အသုံးအဆောင်၊ အစားအသောက်တချို့ စတာတွေနဲ့ ဓာတ်မတည့်ဘဲ ရှူရှိုက်လိုက်မိရင်ဖြစ်ဖြစ်၊ ထိတွေ့၊ စားသုံးမိရင်ဖြစ်ဖြစ် အရေပြားမှာ အင်ပြင်လိုမျိုးအနီကွက်တွေထ ယားယံလာတတ်တဲ့သူတွေ၊
5. စိတ်ဖိစီးမှုများတာ ဖြစ်ဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုကို အေးစိမ့်ခြောက်သွေ့သော ရာသီဥတုမှာ ပြင်းပြင်းထန်ထန် လုပ်လိုက်တဲ့အခါဖြစ်ဖြစ် အသက်ရှူကြပ် တရွှီရွှီမောဟိုက်လာတာတွေ၊
6. တချို့သောဆေးတွေ ( အကိုက်အခဲပျောက်ဆေး၊ နှလုံးခုန်သွေးတိုးထိန်းညှိဆေး စတာတွေနဲ့ ဓာတ်မတည့်ဘဲ အသက်ရှူကြပ်တတ်သူတွေ၊
7. နှာစေးချောင်းဆိုးတုပ်ကွေးမိရာကနေ ခဏခဏအသက်ရှူကြပ်တတ်သူတွေ၊
8. အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကိုပြန်လျှံတက်တဲ့ရောဂါကြောင့် အသက်ရှူလမ်းကြောင်းထဲပါ ဝင်ပြီး ဆွသလိုဖြစ်ကာ အသက်ရှူကြပ်သူတွေ...
ဒီလိုမျိုးတွေထဲက တစ်ချက်ချက် မိတ်ဆွေမှာ ရှိနေပြီဆိုရင်တော့ ရောဂါအရမ်းပြင်းထန်ပြီး အဆုတ်ပျက်စီးတဲ့ အဆင့်မရောက်ခင် စောလျင်စွာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။
လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူပြီး ပန်းနာရင်ကြပ်ရောဂါဆိုတာ သေချာသွားရင်တော့ ပန်းနဲ့ပေါက်ရမှာကို ပုဆိန်နဲ့ထွင်းရတဲ့ အဆင့်မရောက်ခင် ဆောင်ရန်ရှောင်ရန်များကို အထူးသတိပြု လိုက်နာ ကာကွယ်ရမှာပါ။ အဲ့ဒီအကြောင်းကိုတော့ နောက်ပိုင်းတွေမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီရောဂါ အကြောင်းနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် website လေးကို share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ပန်းနာရင်ကြပ် သတိချပ်
ပန်းနာရင်ကြပ်ရောဂါဆိုတာ တချို့သူတွေအတွက် အသေးအမွှား ဖြစ်ကောင်းဖြစ်နိုင်သလို တချို့တွေအတွက်ကျတော့လဲ အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နေနိုင်ပါတယ်။ ဒါဆို ဒါတွေဟာ ဘာတွေကွာခြားသလဲ? မိတ်ဆွေမှာ ဘယ်လို အချက်တွေ ရှိနေရင် သတိတောင်မမူမိဘဲ ပန်းနာရင်ကြပ် အပျော့စား အဆင့် ဖြစ်ကောင်း ဖြစ်နေနိုင်တယ် ဆိုတာ ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။